အာဏာရှင် ဦးနေဝင်းအစိုးရ လက်ထက်မှစ၍ ရခိုင်တိုင်းရင်းသားတို့၏ အတွေးအခေါ်နှင့် အမြော်အမြင်များမှာ အမှောင်ထုလွှမ်းမိုးခံရပြီး ပညာတတ် လူတန်းစားအပါအဝင် ရခိုင်အများစုက အမှောင်ထဲ၌ပင် အလင်းစကို စမ်းတဝဝ ရှာဖွေနေခဲ့ရသည်။ ရခိုင်တစ်မျိုးသားလုံးအား အမှောင်ထုထဲ တွန်းပို့ပေးခဲ့သူများမှာ အဝကျွန်းသားရခိုင်များပင် ဖြစ်ကြသည်။
ဂျပန်နေ ဒေါက်တာအေးချမ်း၊ အမေရိကန်နေ ဦးခိုင်အောင်ကျော်၊ ဂျာမဏီ နိုင်ငံနေ ဦးခင်မောင်စောနှင့် ရခိုင်ဒေသနေ ဒေါက်တာအေးမောင်တို့က စစ်အာဏာရှင်တို့အလိုကျ ရခိုင်လူထု၏ စိတ်နှလုံးထဲ၌ အမုန်းတရား၊ ရန်လိုမုန်းတီးမှုနှင့် အစွန်းရောက်မှုတို့ကို စနစ်တကျ ရိုက်သွင်းခဲ့သည်။
ထိုပုဂ္ဂိုလ်များ၏ သွေးထိုးမှုများကြောင့် ရခိုင်မျိုးဆက်သစ်လူငယ်များမှာ အမှောင်ထုကိုသာ ရခိုင်အားလုံး၏ လွတ်မြောက်ရေးထွက်ပေါက်ဟု မှတ်ယူလာခဲ့ကြသည်။ စစ်အာဏာရှင်များက “ရခိုင်လူထု” အား ၂၀၁၂မှစ၍ လူမိုက်၊ လူရိုင်းနှင့် လူယုတ်မာများအဖြစ် ပုံဖော်လာခဲ့ကြသည်။
အမှောင်ထုဘက် ဦးဆောင်ခေါ်နေသည့် အစွန်းရောက် ရခိုင်ခေါင်းဆောင်များ ကြွယ်ဝချမ်းသာလာပြီး ရခိုင်လူထုအများစုမှာမူ ဆင်းရဲတွင်းနက်ထဲမှ ရုန်းကန်ရန် ဇာတိမြေကိုပင် စွန့်နေရသည်။ ကုလားမုန်းတီးရေးနှင့် ဘာသာရေးကို နိုင်ငံရေးအကျိုးအတွက် အသုံးချမှုကြောင့် ရခိုင်အများစုက အမှောင်ကို အလင်းအဖြစ် မှတ်ယူလာခဲ့ကြသည်။ ထိုအခါ မိမိတို့၏ လုပ်ရပ်ကြောင့် မျိုးဆက်သစ်လူငယ်များ မည်သို့သော အခက်အခဲမျိုးကြုံတွေ့ရမည်ကိုပင် မတွေးနိုင်ကြချေ။
အစွန်းရောက်ခေါင်းဆောင်များကြောင့် လွန်ခဲ့သည့် ၅-နှစ်အတွင်း ဆုတ်ယုတ်ခဲ့သည့် အခြေအနေကို ပြန်လည်ထူထောင်ရန် ရခိုင်တစ်မျိုးသားလုံး နှစ်-၅၀လောက် ကြိုးပမ်းရလိမ့်မည်။ အစွန်းရောက်ခေါင်းဆောင်များကို ဖယ်ရှား၍ အမြော်အမြင်ရှိပြီး ရန်လိုမုန်းတီးမှုနှင့် ဘာသာရေး အလွဲသုံးစားမှုကင်းသည့် ခေါင်းဆောင်များကို ရွေးချယ်ခြင်းဖြင့် ရခိုင်အနာဂတ်အတွက် အလင်းရစေမည့် ပြူတင်းပေါက်သစ်ကို ဖန်တီးနိုင်လိမ့်မည်။
ရခိုင်သမိုင်းကို လေ့လာခဲ့သူတိုင်း “ရခိုင်နှင့်ရိုဟင်ဂျာ” ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှသာ ရခိုင်ပြည် အေးချမ်းမည်ဖြစ်ကြောင်းကို ထောက်ခံပြောလိမ့်မည်။ ရန်လိုမုန်းတီးမှုနှင့် ဘာသာရေး အစွန်းရောက်မှုကြောင့် အမှန်တရားမမြင်နိုင်သော မျက်ကန်းတို့မှာမူ အမှောင်ထုကိုသာ အားကိုးလိမ့်မည်။
ဗမာနှင့်ရခိုင်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရိုဟင်ဂျာတို့အား သူတို့၏မွေးရာပါ အခွင့်အရေးများပေးကို ပေးရလိမ့်မည်။ NVC နှင့် တခြားနည်းစနစ်များသုံးပြီး သူတို့အား ဆက်လက်နှိပ်ကွပ်နိုင်မည်ဟု စိတ်ကူးနေခြင်းသည် “ငါတို့က လူမိုက်လူရိုင်းများ ဖြစ်သည်” ဟု ကြွေးကြော်နေခြင်းပင် ဖြစ်သည်။