ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ မစ္စတာဂျက်ဖရီဖဲလ်မန် ဦးဆောင်သောကိုစားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား နံနက် ၉ နာရီအချိန်တွင် ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်၌ လာရောက်တွေဆုံခဲ့ကြသည်။
အာနန်ကော်မရှင်၏ အစီရင်ခံစာထွက်လာချိန်နှင့် အချိန်ကိုက် သြဂုတ်လ ၂၅ ရက်အကြမ်းဖက်မှု ဖန်တီးပြီး ရိုဟင်ဂျာတို့အား လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သလို ယခု ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲရောက်လာချိန်တွင်လည်း ဂျီနိုဆိုက် အစီစဉ်တစ်ခု စနစ်တကျ လုပ်ဆောင်ခဲ့သည်။ အဆိုပါ ဂျီနိုဆိုက်လုပ်ငန်းစဉ်အရ ရခိုင်ပြည်နယ် ဒစကမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ပြည်နယ်ငါးလုပ်ငန်း ဌာနမှူး နယ်စပ်ရေးရာအရာရှိများနှင့် ဌာနဆိုင်ရာအကြီးအကဲများ စစ်တွေမြို့နယ် မန်စီအစည်းအဝေးခန်းမသို့ ရိုဟင်ဂျာ ငါးဖမ်းစက်လှေပိုင်ရှင်အားလုံးကို ၂၀၁၇ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းတည်း ၁၂ နာရီအချိန်တွင် ဆင့်ခေါ်ပြီး NVC မယူလျင် ငါးဖမ်းလိုက်စင်သိမ်းမည်။
ငါးဖမ်းခွင့်အလုပ်လုပ်ခွင့် ပေးမည်မဟုတ်။ ရခိုင်ပြည်နယ်တွင်လည်း နေခွင့် ပေးမည်မဟုတ် ဟု ပြောခဲ့သည်။ တဖက်တွင် အာနန်ကော်မရှင်ကို အကောင်အထည်ဖော်နေပြီဟု ပြောပြီး အခြားတဖက်တွင် အာနန်ကော်မရှင်နှင့် ၁၉၈၂ နိုင်ငံသားဥပဒေတို့ ၌ မပါရှိသည့် NVC ခေါ် ရိုဟင်ဂျာ မျိုးတုံးသုတ်သင်ရေးအစီစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်။ အစည်းအဝေးခန်းမ၌ ရိုဟင်ဂျာ တစ်ဦးက” နိုင်ငံတော်က ကျွန်တော်တို့ကို ၁၉၈၂ နိုင်ငံသားဥပဒေနှင့် စစ်ဆေးပြီး နိုင်ငံသားရထိုက်သူကို နိုင်ငံသားပေးမည်ဟု ကျေညာခဲ့သည်။
ယခုအခါ ခင်ဗျားတို့က ၁၉၈၂ ဥပဒေမှာ ဖော်ပြထားခြင်း မရှိသည့် NVC ကဒ်ယူရမည်ဟု ခြိမ်းခြောက်နေသည်။ ၁၉၈၂ နိုင်ငံသားဥပဒေအရ မိဘနှစ်ပါးမှာ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ထားဖူးသူများ ဖြစ်လျင် နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးရမည် ဟု ပါရှိသည်။ NVC မယူလျင် ငါးဖမ်းလိုင်စင်သိမ်းမည်ဟု ခြိမ်းခြောက်ခြင်းသည် ကျွန်တော်တို့ ငတ်သေအောင် တမင် ဆောင်ရွက်နေခြင်းသာဖြစ်သည်။” ဟု ပြောခဲ့သည်။
ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ မစ္စတာဂျက်ဖရီဖဲလ်မန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေ့လည် ၁၂ နာရီအချိန်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ ၊ လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦကျော်စွာထွန်းတို့ လိုက်ပါ၍ စစ်တွေလေဆိပ်မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာ၊ မောင်တောမြို့နယ် ငါးခူရကျေးရွာ၊ ရွှေရင်အေးကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဒေသခံ ရွာသူ၊ရွာသားများနှင့် တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ ငါးခူရ ရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ငါးခူရရွာသားတစ်ဦးဖြစ်သူ ရိုဟင်ဂျာအမျိုးသားတစ်ဦးမှ “ကျွန်တော်တို့ အလုပ်လုပ်ခွင့် ကျောင်းတက်ခွင့် ခရီးသွားလာခွင့် မရှိဘဲ အကျဉ်းစခန်းထဲတွင် ငတ်ဖြတ်သေရုံသာရှိသဖြင့် စိုးရိမ်ထိတ်လန့် ကြောက်ရွံ့စွာ နေထိုင်ကြရကြောင်း” ပြောကြားခဲ့သည်။ ထိုအခါ လူမှုရေးဝန်ကြီးမှ နိုင်ငံသားအသိအမှတ်ပြုပေးဖို့အတွက် အစိုးရမှ ထုပ်ပေးနေသော NVC ကဒ်ကို လက်ခံရယူမှသာ နိုင်ငံသားပြုပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
သို့ဖြစ်၍ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲရောက်လာခြင်းကို ဂျီနိုဆိုက်အစီစဉ်ဖြင့် ကြိုဆိုရာရောက်ပြီး မြန်မာပြည်သူနှင့် နိုင်ငံတကာအား အာနန်ကော်မရှင်၏ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ပြောခြင်းသည်လည်း နိုင်ငံတော်အစိုးရ၏ လိမ်လည်လှည်းစားမှုသာဖြစ်ကြောင်း ထင်ရှားနေသည်။
ဂျီနိုဆိုက်အကြောင်း ကျွမ်းကျင်သူ ပညာရှင်များ၏ အခိုင်အမာထောက်ပြချက် လူမျိုးတစ်မျိး၏ သမိုင်းနှင့် လူမျိုးအမည်ကို အစိုးရကိုယ်တိုင် ဖျက်ဆီးခြင်း ပြောင်းလဲခြင်းသည် အဆိုပါ လူမျိုးအား မျိုးတုံးသတ်ဖြတ်ခြင်း ဖြစ်သည်ဟူ၏။ ၁၉၆၅ အထိ နိုင်ငံတော်က အသိအမှတ်ပြုလက်ခံခဲ့သော ရိုဟင်ဂျာတို့အား ဘင်္ဂလီဟု ခေါ်ခြင်း အကျဉ်းစခန်းများမှာ ပိတ်လှောင်ထားခြင်း မနေနိုင်အောင် ရက်စက်ကြမ်းကြုတ်ခြင်းသည် ရိုဟင်ဂျာတို့ စနစ်တကျ မျိုးတုံးသတ်ဖြတ်နေခြင်းပင် ဖြစ်သည်။
