ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားသောတဆင် ကြ

ဓါတ်ပုံ - MOI

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ယနေ့ (အောက်တိုဘာ ၁၂ရက်) ည၈နာရီတွင် ပြည်သူလူထုအား မိန့်ခွန်းပြောကြားမည်ဖြစ်သဖြင့် ပြည်သူတို့အနေဖြင့် နားသောတဆင်ပြီး အောက်ပါအချက်များ ပါ မပါကို တွေးတောရန်လိုကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

(၁) ရခိုင်ပြည်နယ်၏ ပြဿနာသည် နိုင်ငံတော်ပေါ်လစီ၏ မတရားမှုကြောင့် ဖြစ်လာသော ပြဿနာဖြစ်သည်။ ၁၉၆၅အထိ ရိုဟင်ဂျာလူမျိုးဟု နိုင်ငံတော်က အသိအမှတ်ပြုထားသော လူမျိုးကို “ခိုးဝင်ဘင်္ဂလီ” သို့မဟုတ် “ဘင်္ဂလီ”ဟုပြောင်းပြီး နိုင်ငံမဲ့ဘဝရောက်ရန် သို့မဟုတ် တိုင်းပြည်မှ အပြီးအပိုင်နှင်ထုတ်ရန် ၁၉၆၅မှစ၍ စစ်အာဏာရှင်များက စနစ်တကျ ပေါ်လစီ ချဆောင်ရွက်လာခဲ့သော ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်သည်။

(၂) ရိုဟင်ဂျာများကို နိုင်ငံမဲ့ဘဝရောက်စေရန် ရည်ရွယ်၍ ခေတ်အဆက်ဆက် ဆွဲတင်စစ်များ ပြုလုပ်ပြီး ဖိနှိပ်ချုပ်ချယ်လာခဲ့သည်။ ၁၉၇၈တွင် ရိုဟင်ဂျာတို့လက်ဝယ်ရှိ အမျိုးသားမှတ်ပုံတင်များကို အတင်းအဓမ္မသိမ်းယူရာမှ သိန်းချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ခ်ျသို့ ထွက်ပြေးခဲ့ရသည်။ ဦးနေဝင်းက ထိုဒုက္ခသည်များကို ပြန်လည်ခေါ်ယူခဲ့သည်။

(၃) ၁၉၉၀တွင် တစ်နိုင်ငံလုံး၌ စီစစ်ရေးကဒ်ပြားများ ထုတ်ပေးချိန်တွင် “နစက” ဖွဲ့၍ ရိုဟင်ဂျာတို့လက်ဝယ်ရှိ မှတ်ပုံတင်ကဒ်များကို သိမ်းယူကာ ဝှိုက်ကဒ်များထုတ်ပေးခြင်းဖြင့် စစ်အာဏာရှင်အစိုးရက နိုင်ငံတော်၌ ချမှတ်ပြဋ္ဌာန်းထားသော နိုင်ငံသားဥပဒေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည်။

(၄) ၂၀၁၂တွင် ရွှေဂက်စ်စီမံကိန်းကို ရခိုင်တို့ ဆန္ဒပြကန့်ကွက်ခြင်းအား အာရုံပြောင်းရန် သိန်းစိန်အစိုးရက အကြမ်းဖက်မှုဖန်တီးပြီး ရိုဟင်ဂျာတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ရိုဟင်ဂျာ ၁၄၀၀၀၀ ကို ဒုက္ခသည်စခန်းများ၌လည်းကောင်း၊ ကျန်ရိုဟင်ဂျာများကို မည်သည့်အခြေခံလူ့အခွင့်အရေးမျှ  ခံစားခွင့်မရှိစေဘဲ အကျဉ်းစခန်း၌လည်းကောင်း ပိတ်လှောင်ထားခဲ့သည်။

(၅) ၂၀၁၆မှစ၍ စစ်တပ်နှင့် အစွန်းရောက်ရခိုင်တို့ ပူးပေါင်းကာ WY ဆေးပြား မှောင်ခိုရန် ရိုဟင်ဂျာလူတစ်စုကို မွေးထုတ်လျက် ၎င်းတို့ကိုအသုံးချခြင်းဖြင့် အကြမ်းဖက်ဇာတ်လမ်းကို ဖန်တီးခဲ့သည်။ ၂၀၁၆မှ ယနေ့ထိ အဆိုပါ အကြမ်းဖက်အုပ်စုကို မဖမ်းဆီးနိုင်ခြင်းမှာလည်း ထိုအုပ်စုသည် စစ်တပ်၏ မဟာမိတ်ဖြစ်၍လည်းကောင်း၊ သူတို့ကို အသုံးချ၍ ဂျီနိုဆိုက်ဒ်ကို အောင်မြင်စွာ လုပ်နိုင်သည့်အတွက်လည်းကောင်း ဖြစ်သည်။

(၆) ၂၀၁၂မှ ယနေ့အထိ ရိုဟင်ဂျာများသာမက ကမန်တိုင်းရင်းသားများပါ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်မရှိသည်မှာ နိုင်ငံတော်၏ မူဝါဒဖြစ်သော ဘာသာရေးနှိပ်ကွက်မှုကြောင့် ဖြစ်သည်။ ပြည်သူတို့ နားထောင်ကောင်းအောင် ကမ္ဘာကို လိမ်နိုင်အောင် “ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ကူညီမှုများ ထိရောက်စွာပေးမည်၊ ပြန်လည်နေရာချထားပေးမည်၊ ပြန်လည်ထူထောင်ရေး လုပ်မည်၊ ဒုက္ခရောက်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ ကူညီမည်” ဟု ပြောနေသည်မှာ ၂၀၁၂မှ ယနေ့အထိ ဖြစ်သည်။

(၇) နိုင်ငံတကာအဖွဲ့အစည်းကို ဆန္ဒပြဆန့်ကျင်ကန့်ကွက်ပွဲလုပ်ပြီး INGO အများစုကို နှင်ထုတ်ပြီးမှ  အကြမ်းဖက်မှု စတင်လုပ်ခဲ့သည်။ နိုင်ငံတကာစုံစမ်းရေးအဖွဲ့ကို ဝင်ခွင့်မပေးနိုင်ခြင်းသည် စစ်တပ် ဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို အမှန်ပင် ကျူးလွန်နေသောကြောင့် ဖြစ်သည်။

 

Related posts

မြို့ကြီးတွေမှာလဲ ဂျီနိုဆိုဒ် အရိပ်အရောင်

မင်းအောင်လှိုင်က လက်နက်မဲ့ ပြည်သူကို စစ်ကျေညာပြီလား

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးအတွက်အော် AA က “အဖနိုင်ငံတော်အတွက် ဆော်”