မဟာဗမာဝါကို အကောင်အထည်ဖော်ရန် အာဏာရှင်ကြီး နေဝင်းက “တိုင်းရင်းသား” ဟူသော စကားလုံးကို အသုံးချခဲ့သည်။ စစ်အစိုးရလက်ထက်တွင် နစက ဖွဲ့စည်းပြီး ရိုဟင်ဂျာတို့အပေါ် လူမျိုးတုံး သတ်ဖြတ်ရေးစီမံကိန်း စတင်ခဲ့သည်။ ရိုဟင်ဂျာတို့၏ လက်ဝယ်ရှိ NRC ခေါ် အမျိုးသား မှတ်ပုံတင်ကဒ်များကို အတင်းအဓမ္မသိမ်းယူပြီး “ယာယီသက်သေခံလက်မှတ်” များထုတ်ပေးခဲ့သည်။ “ယာယီသက်သေခံလက်မှတ်” ကိုင်ဆောင်သူများသာ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားနိုင်မည်ဟု ပြောပြီး လက်ခံစေလျက် နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားခဲ့သည်။
ယခု ဒေါ်စုအစိုးရက NVC ခေါ် “နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card for National Verification) ဖြင့် ဂျီနိုဆိုဒ်၏ နောက်ဆုံးခြေလှမ်းကို စတင်နေပြီ။ သိန်းစိန်အစိုးရလက်ထက် ၂၀၁၄ တွင် “ယာယီသက်သေခံလက်မှတ်” များကို ဖျက်သိမ်းပြီး ဖြေစာများသာ ပေးခဲ့သည်။ NLD အစိုးရက “ယာယီသက်သေခံလက်မှတ်” ကိုင်ဆောင်သူတို့အား NVC ပေးနေသည်ဟု ပြောင်ပြောင်တင်းတင်း လိမ်ညာနေသည်။
ရခိုင်ပြည်နယ် တစ်ခုတည်းသာမက မြန်မာနိုင်ငံအနှံ့တွင်လည်း NVC လုပ်ငန်း စတင်လုပ်နေသည်ဟု အစိုးရက လိမ်ညာနေသော်လည်း ရခိုင်ပြည်နယ်တစ်ခုတည်းမှာပင် ခိုးဝင်ရခိုင်များ အတွက် NVC ထုတ်ပေးခြင်းမရှိ။ ရိုဟင်ဂျာတို့အား မျိုးတုံးသတ်ဖြတ်ရန်သာ လုပ်ဆောင်နေခြင်းဖြစ်သည်။ အစိုးရ၏ ထုတ်ပြန်ချက်၌ အောက်ပါအတိုင်းဖော်ပြထားသည်။
သြဂုတ် ၂၅ ရက်နေ့မှ စတင်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုကို “အကြမ်းဖက်သမားများ အပေါ် စစ်ဆင်ရေးဆင်နွဲခြင်း” အဖြစ် နိုင်ငံတော်ပိုင် မီဒီယာများ၌ ဖော်ပြသော်လည်း ၎င်းမှာ ရိုဟင်ဂျာ မျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းသာ ဖြစ်သည်။ ရိုဟင်ဂျာမြေပေါ် စီးပွားရေးဇုန် စက်မှုဇုန်များ ထူထောင်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ အကြမ်းဖက်မှုကို ရွှေဂတ်စ် စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် လုပ်ခဲ့သကဲ့သို့ ၂၀၁၆ နှင့် ၂၀၁၇ အကြမ်းဖက်မှုများကိုလည်း မောင်တောမြို့နယ်နှင့် ဝန်းကျင် ဒေသများ၌ တရုတ်ကြီးအကြိုက် စီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ထူထောင်နိုင်ရန်လည်းကောင်း ရိုဟင်ဂျာတို့အား လုံးဝ သုတ်သင် ရှင်းလင်းနိုင်ရန်လည်းကောင်း စနစ်တကျ ဖန်တီးခဲ့ခြင်းဖြစ်သည်။
၂၀၁၂ မှစ၍ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိ”ဟု နိုင်ငံတော်ပေါ်လစီနှင့်အညီ နိုင်ငံတော်ပိုင် မီဒီယာများမှ ဝါဒဖြန့်ပြီး နိုင်ငံတကာမှ ရိုဟင်ဂျာအတွက် ပေးခဲ့သော အလှူငွေ ဒေါ်လာသန်းပေါင်းများစွာကို အရှက်ကင်းစွာ လက်ခံသုံးစွဲနေကြသည်။