ဆရာေတာ္ ဦးဝီရသူက အစိုးရပိုင္ေျမေပၚမွာ မႏၲေလးတိုင္းေဒသႀကီးအစိုးရရဲ႕တားျမစ္ခ်က္ကို ဆန္႔က်င္ၿပီး “မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္း” ေဆာက္ေနတဲ့သတင္းက လူတိုင္းသိၿပီးျဖစ္ေပမယ့္ ဘာသာေရး အေရာင္ဆိုးထားတဲ့ ပညာေရးစနစ္ရဲ႕ အနိ႒ာရံုကိုေတာ့ သိသူ အင္မတန္ နည္းပါလိမ့္မယ္။
ပညာေရးစနစ္မွာ ဘာသာေရး အေရာင္ဆိုးျခင္းဟာ စစ္အာဏာရွင္ေတြက သူတို႔ရဲ႕အာဏာတည္ၿမဲေရးအတြက္ လုပ္ေလ့လုပ္ထရွိတဲ့ လုပ္ရပ္ဆိုးတစ္ခုပါ။ ျမန္မာႏုိင္ငံမွာေတာ့ စစ္အာဏာရွင္ေတြက အဲဒီ လုပ္ရပ္ကို ၁၉၈၉ခုႏွစ္ကေန စတင္ခဲ့ေပမယ့္ အဲဒါရဲ႕အက်ဳိးဆက္နဲ႔ အနိ႒ာရံုကို ထင္ထင္ရွားရွားေတြ႔ျမင္ဖို႔ ေနာက္ထပ္ ၁၀ႏွစ္ေလာက္ ေစာင့္ဆိုင္းရလိမ့္မယ္။
အၾကမ္းဖက္ ေခါင္းေဆာင္တစ္ဦးပမာ တက္တက္ၾကြၾကြ လုပ္ေနတဲ့ ရာဇဝတ္ေကာင္ ဝီရသူကို ကိုးကြယ္ေနသူေတြနဲ႔ သူ႔လုပ္ရပ္ေတြရဲ႕အနိ႒ာရံုကို မသိနားမလည္သူေတြကေတာ့ အမ်ဳိးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြက ဗုဒၶဘာသာဝင္ေတြအတြက္ အက်ဳိးရွိလိမ့္မယ္လို႔ ထင္ၾကတယ္။ ပညာေရးစနစ္မွာ ဘာသာေရး အေရာင္ဆိုးျခင္းကို ပါကစၥတန္ႏုိင္ငံမွာ ၁၉၇၀ေက်ာ္က စတင္ခဲ့တယ္။ အဲဒီႏုိင္ငံရဲ႕ အနိ႒ာရံုက လူမ်ဳိးေရး၊ ဘာသာေရး ပဋိပကၡေတြနဲ႔ လူသတ္ပြဲေတြပဲျဖစ္ၿပီး ႏုိင္ငံရဲ႕စီးပြားေရးပါ ျခြတ္ၿခံဳက်ခဲ့တယ္။
အလားတူ ပညာေရးမွာ ဘာသာေရး အေရာင္ဆိုးထားတဲ့ ႏုိင္ငံေတြအားလံုးက အာဏာရွင္ေတြ အုပ္ခ်ဳပ္တဲ့ႏုိင္ငံေတြျဖစ္ၿပီး စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ ပညာေရးနဲ႔ ေခတ္မီတုိးတက္ေရး အပိုင္းေတြမွာ ေနာက္က် က်န္ရစ္ေနတာ ေတြ႕ရတယ္။ အေနာက္ႏိုင္ငံေတြမွာ ၁၇ရာစုကစၿပီး Secularism က်ယ္က်ယ္ျပန္႔ျပန္႔ က်င့္သံုးလာခဲ့ၾကတယ္။ ဘာသာေရးကို ႏုိင္ငံေရးမွ သီးျခားထားတဲ့အတြက္ ဖြံ႕ၿဖိဳးတိုးတက္လာခဲ့ၾကတယ္။
ဘာသာေရးသမားေတြ လုပ္ရမယ့္အလုပ္ကုိ သူတို႔မလုပ္ဘဲ သူတို႔နားမလည္တဲ့ ပညာေရးနဲ႔ ႏုိင္ငံေရးမွာ ပါဝင္လာျခင္းဟာ အင္မတန္ အႏၲရာယ္ႀကီးတယ္။ အီရန္ႏုိင္ငံရဲ႕ႏုိင္ငံေရးကို ဘာသာေရးေခါင္းေဆာင္ေတြ ခ်ဳပ္ကိုင္ထားတဲ့အတြက္ ျပည္သူေတြ ေန႔စဥ္ႀကိဳးေပး ကြပ္မ်က္ခံေနရတာ သတင္းဖတ္သူတုိင္း သိၾကမွာပါ။ ဘုန္းႀကီးေတြ ျမန္မာႏိုင္ငံရဲ႕ ပညာေရး ျမင့္တင္ေပးခ်င္တဲ့ဆႏၵရွိရင္ အစိုးရေက်ာင္းေတြကို စကၤာပူရဲ႕ အစိုးရေက်ာင္းေတြလုိျဖစ္ေအာင္ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ တစ္ေနရာကေန ကူညီသင့္တာေပါ့။
ခုေတာ့ ဘုန္ႀကီးေတြလည္း စီးပြားျဖစ္ေက်ာင္းေတြ ဖြင့္လို႔ဖြင့္၊ ဖြင့္တာလည္း ျပည္သူပိုင္နယ္ေျမကို အဓမၼသိမ္းယူၿပီးမွ လုပ္ခ်င္တာ။ သဲတစ္မႈန္ေလာက္ အသိတရားရွိတဲ့ သူေတြေတာင္ ဝီရသူကို ဘယ္သူခုိင္းေနတာလဲဆိုတာ သေဘာေပါက္လိမ့္မယ္။ မၾကာေသးမီက ရခိုင္ျပည္သြားၿပီး ရခိုင္ဒုကၡသည္ပိုမ်ားလာဖို႔ ေသြးတိုးလႈံ႔ေဆာ္ခဲ့ေသးတယ္။
ဘယ္ဘာသာဝင္ဘဲျဖစ္ပါေစ “အမ်ိဳးဘာသာ သာသနာကာကြယ္မယ္” လို႔ ေၾကြးေၾကာ္သူအမ်ားစုက သူတို႔သာသနာရဲ႕ image ကို ဖ်က္ဆီးသူေတြသာ ျဖစ္ၾကတယ္။
(Unicode Version)
ဆရာတော် ဦးဝီရသူက အစိုးရပိုင်မြေပေါ်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့တားမြစ်ချက်ကို ဆန့်ကျင်ပြီး “မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း” ဆောက်နေတဲ့သတင်းက လူတိုင်းသိပြီးဖြစ်ပေမယ့် ဘာသာရေး အရောင်ဆိုးထားတဲ့ ပညာရေးစနစ်ရဲ့ အနိဋ္ဌာရုံကိုတော့ သိသူ အင်မတန် နည်းပါလိမ့်မယ်။
ပညာရေးစနစ်မှာ ဘာသာရေး အရောင်ဆိုးခြင်းဟာ စစ်အာဏာရှင်တွေက သူတို့ရဲ့အာဏာတည်မြဲရေးအတွက် လုပ်လေ့လုပ်ထရှိတဲ့ လုပ်ရပ်ဆိုးတစ်ခုပါ။ မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေက အဲဒီ လုပ်ရပ်ကို ၁၉၈၉ခုနှစ်ကနေ စတင်ခဲ့ပေမယ့် အဲဒါရဲ့အကျိုးဆက်နဲ့ အနိဋ္ဌာရုံကို ထင်ထင်ရှားရှားတွေ့မြင်ဖို့ နောက်ထပ် ၁၀နှစ်လောက် စောင့်ဆိုင်းရလိမ့်မယ်။
အကြမ်းဖက် ခေါင်းဆောင်တစ်ဦးပမာ တက်တက်ကြွကြွ လုပ်နေတဲ့ ရာဇဝတ်ကောင် ဝီရသူကို ကိုးကွယ်နေသူတွေနဲ့ သူ့လုပ်ရပ်တွေရဲ့အနိဋ္ဌာရုံကို မသိနားမလည်သူတွေကတော့ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ဗုဒ္ဓဘာသာဝင်တွေအတွက် အကျိုးရှိလိမ့်မယ်လို့ ထင်ကြတယ်။ ပညာရေးစနစ်မှာ ဘာသာရေး အရောင်ဆိုးခြင်းကို ပါကစ္စတန်နိုင်ငံမှာ ၁၉၇၀ကျော်က စတင်ခဲ့တယ်။ အဲဒီနိုင်ငံရဲ့ အနိဋ္ဌာရုံက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ လူသတ်ပွဲတွေပဲဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေးပါ ခြွတ်ခြုံကျခဲ့တယ်။
အလားတူ ပညာရေးမှာ ဘာသာရေး အရောင်ဆိုးထားတဲ့ နိုင်ငံတွေအားလုံးက အာဏာရှင်တွေ အုပ်ချုပ်တဲ့နိုင်ငံတွေဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ခေတ်မီတိုးတက်ရေး အပိုင်းတွေမှာ နောက်ကျ ကျန်ရစ်နေတာ တွေ့ရတယ်။ အနောက်နိုင်ငံတွေမှာ ၁၇ရာစုကစပြီး Secularism ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာခဲ့ကြတယ်။ ဘာသာရေးကို နိုင်ငံရေးမှ သီးခြားထားတဲ့အတွက် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြတယ်။
ဘာသာရေးသမားတွေ လုပ်ရမယ့်အလုပ်ကို သူတို့မလုပ်ဘဲ သူတို့နားမလည်တဲ့ ပညာရေးနဲ့ နိုင်ငံရေးမှာ ပါဝင်လာခြင်းဟာ အင်မတန် အန္တရာယ်ကြီးတယ်။ အီရန်နိုင်ငံရဲ့နိုင်ငံရေးကို ဘာသာရေးခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့အတွက် ပြည်သူတွေ နေ့စဉ်ကြိုးပေး ကွပ်မျက်ခံနေရတာ သတင်းဖတ်သူတိုင်း သိကြမှာပါ။ ဘုန်းကြီးတွေ မြန်မာနိုင်ငံရဲ့ ပညာရေး မြင့်တင်ပေးချင်တဲ့ဆန္ဒရှိရင် အစိုးရကျောင်းတွေကို စင်္ကာပူရဲ့ အစိုးရကျောင်းတွေလိုဖြစ်အောင် အုတ်တစ်ချပ် သဲတစ်ပွင့် တစ်နေရာကနေ ကူညီသင့်တာပေါ့။
ခုတော့ ဘုန်ကြီးတွေလည်း စီးပွားဖြစ်ကျောင်းတွေ ဖွင့်လို့ဖွင့်၊ ဖွင့်တာလည်း ပြည်သူပိုင်နယ်မြေကို အဓမ္မသိမ်းယူပြီးမှ လုပ်ချင်တာ။ သဲတစ်မှုန်လောက် အသိတရားရှိတဲ့ သူတွေတောင် ဝီရသူကို ဘယ်သူခိုင်းနေတာလဲဆိုတာ သဘောပေါက်လိမ့်မယ်။ မကြာသေးမီက ရခိုင်ပြည်သွားပြီး ရခိုင်ဒုက္ခသည်ပိုများလာဖို့ သွေးတိုးလှုံ့ဆော်ခဲ့သေးတယ်။
ဘယ်ဘာသာဝင်ဘဲဖြစ်ပါစေ “အမျိုးဘာသာ သာသနာကာကွယ်မယ်” လို့ ကြွေးကြော်သူအများစုက သူတို့သာသနာရဲ့ image ကို ဖျက်ဆီးသူတွေသာ ဖြစ်ကြတယ်။
