ခုတလော ရခိုင့်တပ်မတော် AA နဲ့ မြန်မာစစ်တပ်ကြား စစ်ပွဲပြင်းထန်လာတော့ အရပ်သားတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရတယ်။ ဒီတော့ ရခိုင်တချို့ကလဲ သူတို့ကို ဗမာအစိုးရက ဂျီနိုဆိုဒ်လုပ်နေတယ်လို့ ပြောဆိုသံတွေကြားနေရတယ်။ ရိုဟင်ဂျာတွေကို ဂျီနိုဆိုဒ်လုပ်တာ ကမ္ဘာသိဖြစ်သွားပေမဲ့ ရခိုင်တွေကို ဘယ်သူတွေက ဂျီနိုဆိုဒ်လုပ်နေတယ်ဆိုတာ သိသူ အတော်ရှားပါတယ်။
ဂျီနိုဆိုဒ်ဆိုတာ လူမျိုးတစ်မျိုးလုံးအား သတ်ဖြတ်ခြင်းကို ဆိုလိုခြင်း မဟုတ်ဘူး။ လူအယောက် ၅၀၀၀ – ၁၀၀၀၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရင်လဲ ဂျီနိုဆိုဒ်မြှောက်တယ်လို့ တစ်ချို့က ပြောကြတယ်။ တကယ်တော့ လူမျိုးတစ်မျိုးရဲ့တည်ရှိမှုကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခြင်း ဒါမှမဟုတ် နိုင်ငံတော်ပေါ်လစီနဲ့ နှိပ်ကွက်ခြင်းသာ ဂျီနိုဆိုဒ် အမှန်ဖြစ်တယ်။
ရခိုင်တွေကို ဂျီနိုဆိုဒ်လုပ်နေတဲ့ အုပ်စု သုံးခုရှိတယ်။ ပထမအုပ်စုက မဟာဗမာဝါဒကို လက်ကိုင်ထားတဲ့ စစ်အုပ်စု။ ဒုတိယအုပ်စုမှာ အဝကျွန်းသား ဘင်္ဂလီရခိုင်အုပ်စု နဲ့ တတိယအုပ်စုက တရုတ်အစိုးရတို့ ဖြစ်တယ်။ စစ်အုပ်စုက ရခိုင်တွေကို တိုင်းရင်းသား အခွင့်အရေးအနေနဲ့ ရခိုင်ပြည်နယ် ပေးပြီးတော့ ရိုဟင်ဂျာတွေကို ငြင်းပယ်ခိုင်းခြင်းပြီး ရိုဟင်ဂျာမုန်းတီးရေး သွတ်သွင်းပေးကာ ရခိုင်တွေကို အရိုင်းဆုံး လူမျိုးအဆင့်သို့ တွန်းပို့ပေးလိုက်တယ်။
ဒုတိယအုပ်စုဖြစ်တဲ့ အဝကျွန်းသားအုပ်စုကိုလည်း ရခိုင်အများစုရဲ့ နှလုံးသားထဲမှာ မျိုးချစ်စိတ်ဓါတ်အသွင်နဲ့ မုန်းတီးစိတ်ကို တစ်မျိုးတည်း သွတ်သွင်းပေးနေခြင်းဖြစ်တယ်။ ရခိုင်လူမျိုးကို အာရကန်လူမျိုးအဖြစ် ပြောင်းလဲပေးလိုက်တယ်။ ရိုဟင်ဂျာသမိုင်း အခိုင်အမာရှိပါလျက်နဲ့ ရိုဟင်ဂျာတွေတချိန်က မြန်မာအသံ တိုင်းရင်းသားဘာသာ အစီစဉ်မှာတောင် ပါဝင်နိုင်ခဲ့ပါလျက်နဲ့ ၁၉၉၀ မှစပြီး စစ်အစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာမရှိကြောင်း နိုင်ငံတော်မီဒီယာမှတဆင့် ဝါဒဖြန့်ပြီး နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားနိုင်အောင် အဝကျွန်းသားတွေရဲ့ အကူအညီနဲ့ မီးရှို့သတ်ဖြတ် မောင်းထုတ်လာခဲ့ကြတယ်။
အဝကျွန်းသားရခိုင်တွေက ရခိုင်တွေကို အာရကန်အဖြစ်ပြောင်းပေးတော့ တချိန်ချိန်မှာ ရိုဟင်ဂျာတွေကို ပြောနေသလိုပဲ “တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရခိုင်မရှိ” လို့ ပြောဆိုလာလိမ့်မယ်။ အဝကျွန်းသား ရခိုင်သမိုင်းဆရာ အေးချမ်းကိုယ်တိုင် ရခိုင်တွေ အာရီယန်မဟုတ်ကြောင်း Tibeto-Burman သာဖြစ်ကြောင်း ဝန်ခံခဲ့ပြီးဖြစ်တယ်။ သမိုင်းမှတ်တမ်းတွေအရ အာရကန်တွေက အာရီယန်တွေဖြစ်တယ်ဆိုတာ အေးချမ်းကိုယ်တိုင်သိပါလျက် တိုင်းရင်းသားစာရင်းကနေ ပယ်ဖျက်ခံရအောင် ကြံစည်နေတယ်။
မကြာခင် တနိုင်ငံလုံးမှာ ကျော်ကြားနေတဲ့ ရခိုင်မုန့်တီကိုပါ အာရကန်မုန့်တီလို့ ပြောင်းပေးမယ်ထင်ရတယ်။ ရခိုင်လူမျိုး ပျောက်သွားအောင် လုပ်နေတယ်။ AA ခေါ် Arakan Army က ရခိုင်လူမျိုးကို ကိုယ်စားမပြုဘဲ အာရကန်လူမျိုးကိုသာ ကိုယ်စားပြုတဲ့အတွက် Rakhine Army အစား Arakan Army လို့ သုံးတာဖြစ်တယ်။ တရုတ်ကြီးက AA ကို ကျောထောနောက်ခံပြုသလို စစ်တပ်ကိုလဲ အကာအကွယ်ပေးတယ်။
Rational ရှု့ထောင့်အရ တွေးကြည့်ရင် ရခိုင်ပြည်ရဲ့ သယံဇာတတွေ အားလုံး ခိုးယူပြီး ရခိုင်ပြည်သူအများစု နယ်ရပ်စွန့်ခွါ ထွက်ပြေးအောင် လုပ်နေကြောင်း မြင်လာပါလိမ့်မယ်။ ဒါဟာ ရိုဟင်ဂျာတွေကို လုပ်တဲ့ပုံစံအတိုင်း ထပ်တူ ရိုဟင်ဂျာတွေကို အပြတ်ရှင်းပြီးနောက် ရခိုင်တွေကို လုပ်လာတဲ့ ဂျီနိုဆိုဒ် ပထမအဆင့် စတင်နေပြီ ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
