ရိုဟင်ဂျာတွေကို “ပါလစ္စတိုင်းတွေကို အစ္စရေးတို့ လုပ်သလို လုပ်ပစ်မယ်” လို့ ကြိမ်းဝါးပြီး စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ အေးမောင်အပါအဝင် အဝကျွန်းသား ရခိုင်ခေါင်းဆောင်တွေ အားလုံး အမြင်မှန်ရချိန်တန်ပြီလို့ စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းမှာ ဈေးလာရောင်းတဲ့ ရခိုင်သား ကိုကျော်မောင်က ဖွင့်ပြောတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းနဲ့ ရှင်းထုတ်ပြီးမှ ရခိုင်မျိုးဖြုတ်မယ်ဆိုတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာကို အဝကျွန်းသား ရခိုင်ခေါင်းဆောင်တွေ နားမလည်ခဲ့တာအမှန်ပဲ။
ရိုဟင်ဂျာတွေကို မီးရှို့သတ်ဖြတ်တာနဲ့အတူ ရခိုင်တွေလဲ စီးပွားပျက်ပြီး နယ်မြေစွန့်ရတယ်လို့ သူက ဆက်ပြောတယ်။ ရခိုင်ပြည်နယ်ကို ဗမာစစ်ခေါင်းဆောင်တွေက ချုပ်ကိုင်ထားပြီး စစ်တပ်မရှိရင် “ကုလားတွေသိမ်းပိုက်လိမ့်မယ်” လို့ ရခိုင်တွေကို နှစ်သိမ့်စေခဲ့တယ်။ အဝကျွန်းသား ခေါင်းဆောင်အေးမောင်က တရုတ်ပြည်အထိ သွားရောက်ကာ ရခိုင့်တပ်မတော်ကို အကူအညီပေးဖို့ တောင်းဆိုခဲ့တယ်။
ဗမာစစ်ခေါင်းဆောင်တွေရဲ့ အားအထားရဆုံး ကယ်တင်ရှင်ဖြစ်တဲ့ တရုတ်ကြီးက ရခိုင့်တပ်မတော်ကို လက်နက်ခဲယမ်းလိုသမျှ ရောင်းမယ်လို့ ကတိပေးခဲ့တယ်။ ဒီတော့ တရုတ်ကြီးကို ပေးချေရမယ့် ငွေကို ဘိန်း ယာဘားရောင်းဝယ်ခြင်းနဲ့ နယ်ရပ်စွန့် ရခိုင်သားတွေထံ အလှူကောက်ခြင်းစတဲ့ လှုပ်ရှားမှုတွေကနေ ပင်ပင်ပန်းပန်းရှာရတယ်။ မူးယစ်ဆေးဝါးတင်ပို့ရောင်းချမှုရဲ့ အကျိုးဆက်က ရခိုင်လူငယ်တွေအပေါ်လဲ ဂယက်ရိုက်လာတယ်။ ဒီတော့ ရခိုင်အမျိုးသားအများစုက အရက်သမား ဘိန်းစား ဆေးသမား အရှောင်သမားဖြစ်လာပြီး ရခိုင်အမျိုးသမီးတွေ ထိုင်း မလေးရှားနဲ့ တရုတ်ပြည်အထိ စွန့်စားလုပ်ကိုင်နေရတယ်။
၂၀၁၂ အထိ ရခိုင်လူမျိုးကို ဗမာလူမျိုးက မွန် ကရင်နဲ့ တခြားတိုင်းရင်းသားတွေလို ဝါးမမျိုနိုင်ခဲ့ပေ။
ရိုဟင်ဂျာဂျီနိုဆိုဒ်မှာ အဝကျွန်းသား ရခိုင်ခေါင်းဆောင်တွေ စစ်တပ်နဲ့ပူးပေါင်းမှသာ ရခိုင်တွေလဲ အလုပ်အကိုင်မဲ့ပြီး ဆင်းရဲမွဲတေတဲ့ဘဝ အရှောင်သမားဘဝ နယ်မြေစွန့်ရတဲ့ဘဝ ဝါးမျိုခံရတဲ့ဘဝ ရောက်သွားကြတယ်။ အာဏာရှင်ဦးနေဝင်းက Divide and Rule ပေါ်လစီကို သုံးခဲ့တယ်။ ရခိုင်တွေကို အခွင့်အရေးပေးကာ ရိုဟင်ဂျာတွေကို ၁၉၆၅ မှစလို့ မျိုးတုံးအောင် နှိပ်ကွပ်ခိုင်းတယ်။ ရိုဟင်ဂျာတွေအား ကျောင်းဆရာအပါအဝင် အစိုးရဝန်ထမ်းခြင်းကနေ ပိတ်ပင်ထားဆီးရုံမက နောက်ပိုင်းမှာ ကျောင်းတက်ခွင့်ကိုပါ ကန့်သတ်တားဆီးလာခဲ့တယ်။
၁၉၉၀ မှ စလို့ ရိုဟင်ဂျာတွေကို မွေးစာရင်း သန်းခေါင်စာရင်း မှတ်ပုံတင်တွေ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့တယ်။ ပြီးတော့ ရိုဟင်ဂျာတွေကို တစ်ရွှာကနေ နောက်တစ်ရွှာမသွားနိုင် ကန့်သတ်ချုပ်ချယ်ပြီး နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားခဲ့တယ်။ အဲဒီလို ပိတ်ပင်ထားခဲ့ပေမဲ့ အစာရေစာဖြတ်ပြီး သေသင့်သလောက် မသေတဲ့အတွက်ရယ် ရခိုင်မှာရှိတဲ့ သဘာဝသယံဇာတအားလုံး တရုတ်လက်ထဲ အလွယ်တကူအပ်နိုင်ဖို့အတွက်ရယ် ၂၀၁၁ ကနေစပြီး သိန်းစိန်အစိုးရက “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိ ခိုးဝင်ဘင်္ဂလီသာရှိတယ်”လို့ နိုင်ငံတော်ပိုင် မီဒီယာကနေတဆင့် ဝါဒဖြန့်လာခဲ့တယ်။
၂၀၁၂ ကနေစပြီး မီးရှို့သတ်ဖြတ်လာခဲ့တယ်။ ဒေါ်စုအစိုးရလက်ထက်မှာ တုတ်ဓါးကိုင်တဲ့ ARSA ကို အကြောင်းပြပြီး ဗမာစစ်တပ်က ရိုဟင်ဂျာအမျိုးသမီးတွေကို ရက်ရက်စက်စက် မုဒိန်းကျင့် ကလေးသူငယ်တွေကို အရှင်လတ်လတ်မီးရှို့ ရွှာလုံးကျွတ် မီးရှို့ သတ်ဖြတ်ခြင်းတွေ လုပ်လာခဲ့တယ်။ ဒီတော့ ရိုဟင်ဂျာ တစ်သန်းနီးပါးလောက်ဟာ အသက်လု ထွက်ပြေးခဲ့ရတယ်။ ဗမာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတိုင်းမှာ ရခိုင်က သူတို့အတူရှိနေတော့ အထောက်အထား အပြည့်အစုံက ရခိုင်တွေလက်ထဲမှာ ရှိနေတယ်။
လွှတ်လပ်ရေးနေ့ ရက္ခိုင့်တပ်မတော်က ရဲကင်းစခန်း လေးခုကို အကြမ်းဖက် တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဦးခင်ရီ ဦးသိန်းညွှန့် အပါအဝင် ဗမာခေါင်းဆောင်အများစုဟာ AA ကို ARSA နဲ့ ပူးပေါင်းတဲ့ အစွန်းရောက်အဖွဲ့အဖြစ် ဖော်ပြကြတယ်။ ရိုဟင်ဂျာတွေက ရခိုင်တွေကို သူတို့ရဲ့ ဘာသာမတူတဲ့ ညီအစ်ကိုတွေလို သဘောထားပြီး ရခိုင်တွေက ဗမာစစ်တပ်ရဲ့အားကိုးနဲ့ ရိုဟင်ဂျာတွေကို မဟာဗမာဝါဒနဲ့အညီ “ကုလား ခိုးဝင်ဘင်္ဂလီ” လို့ ခေါ်ဝေါ်ပြီး နှိပ်ကွက်လာခဲ့ကြတယ်။ ရိုဟင်ဂျာနဲ့ ရခိုင် လက်မတွဲမချင်း ရခိုင်ပြည် မငြိမ်းချမ်းနိုင်ကြောင်းကို ရက္ခိုင့်တပ်မတော်နဲ့ ရခိုင်ပြည်သူတွေအားလုံးက နှလုံးသွင်းကြ။ ရခိုင်တွေမှာရှိနေတဲ့ ဗမာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ အထောက်အထားတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေလက်ထဲကို အပ်ပြီး ဗမာစစ်ခေါင်းဆောင်တွေကို ICC အရောက်ပို့ကြ။