၃၈ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ကုလလူ့အခွင့်အရေးကောင်စီ အကြီးအကဲက မြန်မာနိုင်ငံခြားရေးဌာန ညွှန်ကြာရေးမှူး ဦးကျော်မိုးထွန်းအား “မင်းတို့ မရှက်ဘူးလား၊ မင်းတို့မှာ အရှက်မရှိဘူးလား” လို့ မေးခဲ့တယ်။ ရှက်ရကောင်းမှန်းမသိတဲ့ မြန်မာသံတမန်ကိုယ်စားလှယ်က ကုလလူ့အခွင့်အရေးကောင်စီ အကြီးအကဲရဲ့ မေးခွန်းကို မဖြေခဲ့ပေ။
မြန်မာအစိုးရ သံကိုယ်စားလှယ် ဦးကျော်မိုးထွန်းက “ရခိုင်ပြဿနာအတွက် ခိုင်မာတဲ့ အဖြေရှာခြင်းက အစိုးရရဲ့ အဓိကလုပ်ငန်းဖြစ်တယ်။ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေက အထင်အမြင် လွဲမှားစေတယ်။ ရခိုင်ပြည်နယ်ရဲ့အခြေအနေ ဆိုးဝါးရတာဟာ ARSA အကြမ်းဖက်မှုကြောင့် ဖြစ်တယ်”လို့ ပြောခဲ့တယ်။
ဒါပေမဲ့ ကုလအကြီးအကဲက “ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆက်လက်ထွက်ပြေးနေဆဲဖြစ်ကြောင်း၊ ၂၀၁၈ ဇွန်လအထိ ဘင်္ဂလားဒေ့ရှ်ဘက်သို့ အသက်လုထွက်ပြေးရတဲ့ ရိုဟင်ဂျာအရေအတွက်မှာ OHCHR လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး အစီရင်ခံစာအရ ၁၁,၄၃၂ အထိရှိပါကြောင်း၊ သူတို့ဟာ မြန်မာလက်နက်ကိုင်အရာရှိ များရဲ့ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုကနေ အသက်လုထွက်ပြေးခံရကြောင်း ထောက်ပြတယ်။” မြန်မာစစ်အာဏာရှင်တွေက ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေကို မတော်မတရား နှိပ်စက်လာခဲ့ကြတယ်။
ငါးပါးသီလကို ဆန့်ကျင်ပြီး အစွန်းရောက်ဗုဒ္ဓဘာသာ အကြမ်းဖက်အုပ်စုတွေကို မွေးထုတ်ခဲ့တယ်။ ၂၀၁၂မှစပြီး ၉၆၉ မဘသ အကြမ်းဖက်အုပ်စုတွေနဲ့ အာဆာလို စစ်အာဏာရှင်တွေ မွေးထုတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေကို အကြမ်းဖက်လာခဲ့ကြတယ်။
ရခိုင်ပြည်နယ်မှာတော့ အစွန်းရောက် အနောက်သားဗုဒ္ဓဘာသာဝင် ဘင်္ဂလီရခိုင်တွေ အသုံးချပြီး ရွှေဂက်စ်စီမံကိန်းအောင်မြင်ရေးနဲ့ အာဏာတည်မြဲရေးအတွက် ၂၀၁၂ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို စနစ်တကျလုပ်ခဲ့တယ်။
၂၀၁၆မှစပြီး အကြမ်းဖက်အုပ်စုကို မွေးထုတ်ပြီး ရိုဟင်ဂျာအားလုံးကို အပြီးသတ် သုတ်သင် နိုင်တဲ့ စစ်ဆင်ရေးတွေကို စတင်ခဲ့တယ်။ ဒီတော့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အသက်လုထွက်ပြေးရတဲ့ ရိုဟင်ဂျာတစ်သန်းကျော် ရှိလာခဲ့တယ်။
ဒါက ကမ္ဘာ့ အဆိုးဝါးဆုံးဒုက္ခသည် ပြဿနာဖြစ်တဲ့အတွက် နိုင်ငံတကာက အာရုံစိုက်နေရတယ်။ ငါးပါးသီလ မလုံတဲ့အပြင် လိမ်လည်လှည့်စားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မတရားနှိပ်စက်ခြင်းတွေမှာ နစ်မြုပ်နေတဲ့ မြန်မာ့စစ်အာဏာရှင်တွေနဲ့ အဲ့ဒီစစ်ရာဇဝတ်ကောင်တွေကို အားပေးနေတဲ့ အစိုးရက ကမ္ဘာကို ဆက်လိမ်ဖို့ ကြိုးစားနေတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက သံတမန်စကား အသုံးအနှုန်းနဲ့ ပြောဆိုနေတာကို အသိတရားခေါင်းပါးတဲ့ မြန်မာခေါင်းဆောင်တွေ နားမလည်တော့ သံတမန်စကားမသုံးတော့ဘဲ အရပ်သားအသုံးအနှုန်းနဲ့ “အရှက်မရှိဘူးလား”လို့ ဒဲ့တိုးမေးရတဲ့ အဆင့်အထိ ရောက်ခဲ့ရတယ်။
ဒီလောက်ပြောတာတောင် မရှက်တတ်ဘူးဆိုရင် ငါးပါးသီလရဲ့အနှစ်သာရကို ညှိုးနွမ်းစေရုံမက နိုင်ငံတော်နဲ့ အမျိုးဘာသာ သာသနာရဲ့ ဂုဏ်သိက္ခာကိုပါ မြောင်းထဲ စွန့်ပစ်ရာ ရောက်လိမ့်မယ်။
အာဏာနဲ့ ကိုယ်ကျိုးအတွက် နိုင်ငံတော်နဲ့ ဘာသာတရားရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေတဲ့ လူတွေအား အားပေးထောက်ခံသူတွေကိုလဲ ရာဇဝတ်ကောင်တွေအဖြစ် သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ရလိမ့်မယ်။
